ကျွန်တော့်အနေနဲ့ ဒီအသင်းကို တည်ထောင်ရခြင်းဟာ စာပေကို ချစ်မြတ်နိုးတဲ့ အတွက် အွန်လိုင်းစာရေးဆရာများ စုစုစည်းစည်းလေး ဖြစ်စေချင်လို့ တည်ထောင်ရခြင်း ဖြစ်ပါတယ်။ ဒီအသင်းဟာ ကျွန်တော်က စတင်ထောင်ပေမယ့် ဒီအသင်းဟာ ယနေ့အွန်လိုင်းမှာ စာပေရေးသားနေသော အွန်လိုင်းစာရေးဆရာတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပြီးတော့ ကျွန်တော် တလေးတစား ဖိတ်ကြားအပ်သော အကိုအမများ အနေနဲ့ လာရောက် ပူးပေါင်းပေးတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ကျွန်တော်အနေနဲ့ ဒီအသင်းလေးကို ဘာလို့ တည်ထောင်ရတယ်ဆိုတာ အနည်းငယ် ထပ်မံရှင်းပြလိုပါတယ်။
ကျွန်တော်တို့ ၂၀၀၇က စပြီး (မြန်မာဖောင့် တွင်ကျယ်လာတဲ့ အချိန်က စပြီး) အွန်လိုင်းပေါ်မှာ အနုပညာ စာပေ ရေးသား သူများဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာနေပါပြီ။ ဒီလိုများလာတဲ့ သူတွေထဲက တချို့ဟာဆိုရင် တကယ့်ကို လက်ရာကောင်း လက်ရာမွန်တွေ ဖန်တီးနိုင်တဲ့ တန်းဝင် စာရေးဆရာတွေ အဖြစ် တွေ့ရပါတယ်။ အခုဆိုရင် မြန်မာလို အွန်လိုင်းပေါ်မှာ စာပေ ရေးသား သူများဟာ ဘလော့တွေ ပေါ်မှာတင် မဟုတ်တော့ပဲ ဆိုရှယ်ဆိုက်တွေ ပေါ်မှာ၊ ကွန်မြူနတီဆိုက်တွေမှာ၊ နောက်ဆုံး ဖိုရမ်လို နေရာမျိုးတွေမှာတောင် ရေးသားလာ ကြတဲ့ သူတွေကို တွေ့ရပါတယ်။ ဒီတော့ ယနေ့မှာ မြန်မာအွန်လိုင်း စာရေးဆရာများ အနေနဲ့ ဒုနဲ့ ဒေး ဖြစ်လာကြပါပြီ။ ကျွန်တော်တို့ အွန်လိုင်းမှာ စာပေရေးသား သူများ အတွက် အခုနောက်ပိုင်း ပြဿနာ တခုရှိနေပါတယ်။ ဒါကတော့ မိမိရေးထားသော စာမူများ အခိုးခံနေရခြင်းပါပဲ။ မှန်ပါတယ်။ ကိုယ်ရေးထားသော စာများကို တခြားသူက အသိမပေးပဲ ယူသုံးတာ၊ သူ့နာမည် ပြန်တပ်ပြီး တခြားမှာ ပြန်ရေးတာ၊ ပြည်တွင်း တရားဝင်မီဒီယာကြီး တချို့ကတောင် ဒီလို အွန်လိုင်းက ရေးတဲ့ သူတွေဆီက အချက်အလက်တွေ တစိတ်တဒေသ၊ တခုလုံး ကူးယူဖော်ပြ လာတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ လုပ်နိုင်တာက ကိုယ်ပိုင်တဲ့ မီဒီယာ ၀က်ဘ်ဆိုက်တွေ ပေါ်မှာပဲ ဒါဟာ ကျွန်တော်တို့ပိုင် စာမူပါလို့ ဝေဖန် နိုင်ရုံပါပဲ။ ကျွန်တော်တို့မှာ သူတို့ကို ပြောဖို့ သို့မဟုတ် ပြန်ကိုင်ဖို့ ဥပဒေ (သို့) သြဇာတိက္ကမ မရှိကြပါဘူး။ အဲ ကျွန်တော် ဒီအသင်းကို တည်ထောင် ရခြင်းကလဲ ဒီအကြောင်းအချက် တရပ်လဲ အပါအ၀င်ပေါ့လေ။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ အသင်းအဖွဲ့တခု သီးသီးသန့်သန့် ဖြစ်ဖို့၊ ယနေ့ မြန်မာအွန်လိုင်းက စာပေရေးသား သူများ တစုတစည်းထဲ ဖြစ်စေမယ့် အသင်း တခု လိုအပ်လာပါတယ်။ ပြီးတော့ ကျွန်တော်တို့ အွန်လိုင်း ရေးသားသူ အများစုဟာ ပြင်ပ စာပေလောကကို တော်တော်များများက ထိတွေ့မှု နည်းကြပါတယ်။ ဒါကတော့ ကျွန်တော်လဲ ကိုယ်ချင်းစာ မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြင်ပ စာပေလောကမှာ နာမည် တလုံးရဖို့၊ စာပေနယ်ကို ထဲထဲဝင်ဝင် ၀င်ရောက်ဖို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး။ ထို့ပြင် တန်းဝင်တဲ့ ပရိသတ် လက်ခံလောက်တဲ့ အနုပညာရှင်ဖြစ်ဖို့ဆိုတာ ပိုပြီးတောင် ခဲယဉ်းပါသေးတယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ ကျွန်တော်တို့ အဇ္ဖျတ္တထဲမှာသာ တကယ့်ကို စာပေချစ်မြတ်နိုးပြီး သင့်မြတ် မှန်ကန်တဲ့ စာကောင်းတွေသာ မွေးထုတ်ပေးနိုင်မယ်ဆို မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ဆိုတော့ ကျွန်တော်တို့ အွန်လိုင်းစာပေရေးသားသူများ ထဲမှာ လက်စလက်န ရှိသူများကို တကယ် ပြင်ပစာပေလောကမှာလဲ တကယ့် စာရေးဆရာများ အဖြစ် ရပ်တည်စေချင်တယ်။ ကျွန်တော်တို့ နယ်မြေတွေ ခြားနေတာ၊ စံတော်ချိန်တွေ ခြားနေတာတွေ ကြောင့် မြန်မာ့စာပေ လောကထဲ မ၀င်ရောက် နိုင်ဘူး ဆိုတာ (လုံးဝ) မရှိစေရပါဘူး။ ယနေ့မှာ ကမ္ဘာဟာ ရွာပါ။ ဒီတော့ ရှေ့ဆက်မယ့် ကျွန်တော်တို့ အသင်းရဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်များထဲမှာ ဒီလို နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ သူတွေ (အွန်လိုင်းစာပေသမားတွေ) အတွက် ပြည်တွင်း စာပေ လောကနဲ့ ထိတွေ့ခွင့်ရအောင် ကျွန်တော်တို့ အသင်းအနေနဲ့ ကြားခံ ပေါင်းကူးတံတား လေး တခု အဖြစ် လုပ်ဆောင် ပေးပါမယ်။
အခုလောလောဆယ် မြန်မာအွန်လိုင်းစာပေရေးသား သူများ အသင်းအတွက် လုပ်ငန်းစဉ် အကြမ်းဖျင်းကို ကျွန်တော်နှင့် ကိုမိုးလှိုင်ညတို့က ၁၃.၁.၂၀၀၉ ရက်နေ့က ဆွေးနွေးတိုင်ပင်ပြီး မူကြမ်း ချမှတ်ခဲ့ပါတယ်။ (ကျန်သော အသင်းဝင် အကို အမများ အနေနဲ့လဲ လိုအပ်သည်များကို ထပ်မံဖြည့်စွက် ပေးကြပါအုံး။ ဒါပေမယ့် ကျွန်တော်တို့ အထူးသတိထားရမှာက အရှေ့က အသင်းအဖွဲ့များကို နမူနာယူရပါမယ်။ အရမ်းကြီး အလောကြီးပြီး အရှေ့ထွက်လို့ မရပါဘူး။ လောလောဆယ် အားလုံးကို အသိပေးလို့ မဖြစ်သေးပါဘူး။ အခု ဒီအသင်းကိုလဲ လူတိုင်းကို မဖိတ်ပါဘူး။ တကယ် စာပေကို ချစ်မြတ်နိုးမယ့် သူများကိုသာ ရွေးချယ်ပြီး ဖိတ်ထားပါတယ်။ လူများပြီး တယောက် တပေါက်နဲ့ ဦးတည်ချက် ပျောက်ပျောက် သွားတတ်တဲ့ နမူနာတွေ ရှေ့မှာ များခဲ့ပါပြီ။ ကျွန်တော်တို့ ဖြေးဖြေး မှန်မှန်နဲ့ လုပ်နိုင် သလောက်ကနေ စလုပ်ကြပါမယ်)
-၂လ တကြိမ် (သို့) ၃လတကြိမ် (စာပေလောကမှ ဆရာများကို ဖိတ်ကြားကာ) စာတမ်းဖတ်ပွဲ workshop လေး ပုံမှန်ပြုလုပ်သွားရန်
-ရပ်ဝေးမြေခြားမှ စာရေးသူများ အနေဖြင့် ပြည်တွင်း magazine ၊ စာအုပ်တိုက်များသို့ စာမူပို့ချင်ရင် ပြည်တွင်းမှ အသင်းဝင်များက ၀န်ဆောင်ပေးရန်
-နောက်ပိုင်း အသင်းဝင် ၂၀ခန့် ရှိလာလျှင် အသင်းအတွက် မတည်ငွေများ ထည့်ဝင်ပေးရန်
-အွန်လိုင်းစာရေးသူများ စုပေါင်းပြီး စာအုပ်အဖြစ် ထုတ်ဝေရန်
-(နောက်ပိုင်း ဖြစ်နိုင်ရင်) အသင်းဝင်များရဲ့ အွန်လိုင်းစာမူများကို ကာကွယ်ရန် ကော်ပီရိုက်အဖွဲ့ ထပ်မံဖွဲ့စည်းရန်
-ရံပုံငွေတောင့်တင်းလာပါက ၀က်ဘ်ပေါ်တယ်တခု တည်ထောင်ရန်
စတဲ့ အထက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါတယ်။ လိုအပ်သော အကြံဥာဏ်များလဲ ပေးကြပါအုံးခင်ဗျာ။ ကျွန်တော် ထပ်ပြီး မေတ္တာရပ်ခံချင်တာက ဒီအသင်းအကြောင်းကို တတ်နိုင်သမျှ လောလောဆယ် သိုသိပ် ပေးထားဖို့ရယ်၊ ရေရှည်မှာ တရားဝင် ရပ်တည်ရေး အတွက် နိုင်ငံရေးနဲ့ နှီးနွယ်နေသူများကို ကျေးဇူးပြု၍ မဖိတ်ဖို့ ၊ ဖိတ်ကြားခံ စာရေးသူများကိုလဲ အမှန်တကယ် စီစစ်ပြီး ဖိတ်ပေးကြဖို့ပါပဲ ခင်ဗျာ။ ဥပဒေသတွေ များပြားတယ် ထင်သွားရင် အထူးတောင်းပန်ပါတယ် ခင်ဗျာ။ နားလည်ပေး ကြလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျာ။
အားလုံးကို ခင်မင်လေးစားလျှက်
မင်းယွန်းသစ်
Tags:
Share
You need to be a member of Myanmar Online Writers Association to add comments!
Join this Ning Network